ကျောက်မျက်များ၏ရောင်ကွဲများ နှင့် ၎င်းတို့ကိုဘယ်လိုခွဲခြားသတ်မှတ်မလဲ။

ကျောက်မျက်ရတနာဆိုသည်မှာ သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ တွင်းထွက်တစ်ခုပင် ဖြစ်သည်။ တွင်းထွက်များ၏ အမည်နာမများကို နိုင်ငံတကာ တွင်းထွက်ဗေဒဆိုင်ရာ အဖွဲ့အစည်း (The International Mineralogical Association- IMA) နှင့် တွင်းထွက်အသစ်ဆိုင်ရာ အမည်နာမနှင့် အမျိုးအစားခွဲခြားခြင်းအဖွဲ့အစည်း (Commision of New Minerals, Nomenclature and Classification- CNMNC) တို့မှ သိပံနည်းကျ၊ စနစ်တကျ အမည်ပေးသတ်မှတ်ကြသည်။ စိန်ကဲ့သို့သော တွင်းထွက်ကျောက်မျက်မှာ ဈေးကွက်အတွင်းနှင့် ဝယ်ယူဝတ်ဆင်သုံးစွဲသူများက ၎င်း၏ အမည်နှင့် တန်ဖိုးကို သိရှိပြီးဖြစ်၍ ထပ်မံခွဲခြားရန် အထူးတလည် မလိုအပ်ပေ။ သို့သော်လည်း ရောင်စုံရှိကျောက်မျက်ရတနာများအတွက်မှာမူ အမျိုး အမည်သတ်မှတ်ရန်မှာ ပိုမို၍ ခက်ခဲရှုပ်ထွေးသည်။ ဈေးကွက်အတွင်း၌ ရောင်စုံရှိကျောက်မျက်ရတနာများ၏ မျိုးကွဲအမည်နာမများကိုသာလူသိများကြသည်။

ပုံ(၁)      အနီရောင်ပတ္တမြား (သို့) ပန်းရောင်နီလာ- မည်ကဲ့သို့ခေါ်ဝေါ်သတ်မှတ်ရမလဲ? (ဓါတ်ပုံ၊ A. Castillon, SSEF)

ယေဘူယျအားဖြင့် ကျောက်မျက်ရတနာများ၏ မျိုးကွဲအမည်နာမများသည် ၎င်းကျောက်မျက်၏ ဓါတုဗေဒဆိုင်ရာပါဝင်မှု့ အချိုးအစားနှင့် ၎င်းတို့၏အရောင်ပေါ်တွင်မူတည်၍ ခွဲခြားသတ်မှတ်သည်။ အချို့သော ကျောက်မျက်ရတနာများ၏ မျိုးကွဲအမည်နာမများသည် ၁၈ ရာစုနှစ်ကတည်းက ခေတ်ပေါ်တွင်းထွက်ဗေဒ ဆိုင်ရာစာအုပ်စာပေများတွင် ရေသားခဲ့ကြပြီး လူသိခဲ့ကြသည်။ ဥပမာ- ပတ္တမြား၊ နီလာ နှင့် မြ ကျောက်မျက်ရတနာ တို့ဖြစ်ကြသည်။ ကျောက်မျက်ရတနာများဖြစ်ကြသည့် Vanadium ဒြပ်စင်ကြွယ်ဝသော Zoisite မျိုးကွဲကို “Tanzanite” ဟူ၍လည်းကောင်း၊ Vanadium ဒြပ်စင်ကြွယ်ဝသော ဥဒေါင်ကျောက် (Grossular Garnet) မျိုးကွဲကို “Tasvorite” ဟူ၍လည်းကောင်း လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်ခန့်လောက်မှ ဈေးကွက်အတွင်းသို့ ကျောက်မျက်အမည်နာမ အသစ်ဖြင့်စတင် မိတ်ဆက်ပေးခဲ့သည်။ အချို့သော ကျောက်မျက်ရတနာများမှာမူ ၎င်းတို့၏သွင်ပြင်လက္ခဏာပေါ်မူတည်၍ အမည်ပေးကြသည်။ ဥပမာ ပုံဆောင်ခဲတစ်ခုတည်းဖြင့်တည်ရှိသော သလင်း rock crystal နှင့် ပုံဆောင်မွှားများစွာဖြင့်တည်ရှိသောသလင်း (သို့) ရွဲ chalcedony တို့ဖြစ်ကြသည်။

ကျောက်မျက်ရတနာမျိုးကွဲများ၏ အမျိုးအမည်နာမများ ခွဲခြားသတ်မှတ်ခြင်းသည် အများအားဖြင့် ရိုးရှင်းကြသည်။ ဥပမာ- Chromium ဒြပ်စင်ပါဝင်သော Beryl မျိုးကွဲကို မြ (Emerald) ဟူ၍လည်းကောင်း၊ Iron ဒြပ်စင်ပါဝင်သော Beryl မျိုးကွဲကိုမူ မြပြာ (Aquamarine) ဟူ၍သတ်မှတ်ကြသည်။ သို့သော်လည်း ယေဘူယျအားဖြင့် တူညီသောတွင်းထွက်တစ်ခုမှ အမျိုးအစားများကွဲပြားအောင် ခွဲခြားသတ်မှတ်ရာတွင် တိကျပြတ်သားစွာ သတ်မှတ်နိုင်ရန် မလွယ်ကူပေ (Hughes 1994)။ ဤဆောင်းပါးတွင် စာရေးသူတို့မှ အရောင်စုံရှိကျောက်မျက်ရတနာများ၏ သက်ဆိုင်ရာမျိုးကွဲများ အမျိုးအစားခွဲခြားသတ်မှတ်ပုံကို ကျောက်မျက်ဓါတ်ခွဲခန်းများတွင် လေ့လာထားသော နမူနာများ၏ အချက်အလက်များကို ရှင်းလင်းတင်ပြဆွေးနွေးထားပါတယ်။ ဆောင်းပါးတွင်ပါဝင်သော အချက်အလက်များသည် အစောပိုင်း တင်ပြဆွေးနွေးချက်များအပြင် နောက်ထပ်တင်ပြထားသော ဥပမာများကို (Krzemnicki 2019) တွင်လည်းဖတ်ရှု့လေ့လာနိုင်ပါသည်။

စံနှုန်းနမူနာများ သတ်မှတ်ခြင်း

ကျောက်မျက်များ၏ အရောင်ကွဲများကို တစ်သတ်မှတ်တည်း အပြောင်းအလဲမရှိ အမြဲတမ်း အကဲဖြတ် ခွဲခြားသတ်မှတ်နိုင်ရန်အတွက် စံနမူနာများကို ကြိုတင်၍သတ်မှတ်ခြင်းမှာ ကျောက်မျက်ဓါတ်ခွဲခန်းများ၏ ဦးစွာပထမခြေလှမ်းဖြစ်သည်။ ကမာအသိအမှတ်ပြု စံနှုန်းနမူနာမရှိသည့်အတွက် ကျွန်ုပ်တို့၏ ကျောက်မျက်ဓါတ်ခွဲခန်းတွင်အသုံးပြုနိုင်ရန်အတွက် အထူးစုဆောင်းထားသော နမူနာများကို အသုံးပြု၍ အရောင်တိုင်းတာမှု့ စံနမူနာများဖြစ်ကြသည့် (ရောင်စဥ်ကြည့် ကိရိယာ Spectroscopy) သို့မဟုတ် (အရောင်အမျိုးမျိုးကိုဖော်ပြထားသော အရောင်စုံပြဇယား ဥပမာ- Munsell colour chart or ColourCodexTM; Smith 2020) တို့ကိုအခြေခံ၍ ကိုယ်ပိုင် စံနမူနာများကို ပထမဦးစွာပြုလုပ်ခဲ့ပါသည်။ ၎င်းစံနမူနာများမှာ နောက်ပိုင်းတွင် နိုင်ငံတကာရှိကျောက်မျက်ဓါတ်ခွဲခန်းများနှင့် ဈေးကွက်အတွင်းတွင် ရောင်းဝယ်ဖောက်ကား နေသော အဖွဲ့အစည်းများက သဘောတူလက်ခံလာကြမည်ဖြစ်သည်။ ဥပမာအားဖြင့် LMHC, CIBJO, ICA စသည့်အဖွဲ့အစည်းများဖြစ်ကြသည်။

ပုံ(၂)      Munsell Colour Chart ကိုအသုံးပြု၍ အရောင်တိုင်းတာနေမှု့ (ဓါတ်ပုံ၊ A. Castillon, SSEF)

အရောင်စုံရှိကျောက်မျက်ရတနာများ၏ အရောင်ကိုတိုင်းတာသတ်မှတ်ရာတွင် ရှုပ်ထွေးခက်ခဲသော ကြောင့် အဓိကအချက်ကြီး (၃)ချက်ပေါ်တွင်မူတည်၍ တိုင်းတာသတ်မှတ်ပါသည်။ ၎င်းတို့မှာ

  • အရောင်တိုင်းတာရာတွင် အသုံးပြုသင့်သော အလင်းရောင်အရင်းအမြစ် (အလင်းထုတ်လွှတ်မှု့ အရည်အသွေး)
  • တိုင်းတာစစ်ဆေးမှု့ (တိုင်းတာရာတွင် လိုက်နာသင့်သောအချက်စည်းမျဥ်းများ၊ အသုံးပြုမည့် ကိရိယာများ၊ တိုင်းတာစစ်ဆေးသူ၏ ကျွမ်းကျင်ပိုင်နိုင်မှု့) နှင့်
  • တိုင်းတာရမည့် ကျောက်မျက် (ဥပမာ- ပတ္တမြား (သို့မဟုတ်) ပန်းရောင်နီလာ)

ကျောက်မျက်တို့၏အရောင် တစ်သမတ်တည်း ရှိ/မရှိ သတ်မှတ်ရာတွင် ၎င်းကျောက်၏ အကောင်းဆုံးအရောင်ကို ဖော်ပြပေးနိုင်သော သင့်တော်သည့် စံပြအလင်းရောင်ကို မဖြစ်မနေ အသုံးပြုရန်လိုအပ်သည်ဟု Krzemnicki က 2019 တွင်တင်ပြခဲ့သည်။ ဒါ့အပြင် ကျောက်မျက်၏အရောင်ကို တိုင်းတာစစ်ဆေးကြည့်ရှု့ရာတွင် ကျောက်ကို ၁၀ ဒီဂရီ မှ ၂၀ ဒီဂရီအထိ စောင်း၍ အဘက်ဘက်ကိုလှည့်ကာ အပေါ်စီးမှနေ၍ ၂၅ စင်တီမီတာအကွာအဝေးမှ ကြည့်ရှု့စစ်ဆေးရန် အကြံပေးထားသည်။ ထိုသို့ကြည့်ရှု့ခြင်း ဖြင့် ၎င်းကျောက်၏ အတောက်ပဆုံးအရောင် (သို့မဟုတ်) နှစ်လိုဖွယ် အနည်းဆုံးသောအရောင်တို့ကို ခန့်မှန်းတွေ့မြင်နိုင်မည်ဖြစ်သည်။

လက်တွေ့လေ့လာမှု့ ၃ခု

အောက်တွင်ဖော်ပြထားသော ကျောက်မျက်မျိုးကွဲများ၏ အမျိုးအစားခွဲခြားမှု့များကို ၎င်းကျောက်မျက်များ၏ (၁) အရောင် နှင့် (၂) အရောင် နှင့် ရောင်စဥ်တန်း/ဓါတုဖွဲ့စည်းမှု့များကို အခြေခံ၍လေ့လာထားပါသည်။ အောက်တွင်ဖော်ပြထားသော ဥပမာများသည် စာရေးသူတို့၏ ဓါတ်ခွဲခန်းအတွေ့အကြုံများ နှင့် နေ့စဥ်ပြုလုပ်နေကြဖြစ်သည့် ကျောက်မျက်စမ်းသပ်ခြင်းလုပ်ငန်းဆောင်တာ များပါဝင်ပါသည်။

ပတမြား (Ruby) နှင့် ပန်းရောင်နီလာ (Pink Sapphire)

Chromium အချိုးအစားအနည်းငယ်မျှပါဝင်မှု့ဖြင့် Corundum ကျောက်မျက်ရတနာတွင် အနီရောင်ကွဲအမျိုးမျိုးကိုဖြစ်ပေါ်စေနိုင်သည်။ ဥပမာ- နီညိုရောင်၊ အနီရောင်တောက်တောက် နှင့် အနီရောင်ဖျော့ဖျော့၊ ပန်းရောင် အစရှိသည်ဖြင့် အမျိုးမျိုးကွဲပြားစွာတွေ့ရနိုင်သည်။ ဈေးကွက်အတွင်း၌ ပတ္တမြား နှင့် ပန်းရောင်နီလာ ဟူ၍ရှေးအစဥ်ကပင် အမျိုးအစားခွဲခြားအသုံးပြုခဲ့ကြသည်။ သို့သော်လည်း နိုင်ငံတကာတွင် မည်ကဲ့သို့ တိတိကျကျခွဲခြားရမည်ကို သတ်မှတ်ဖော်ပြထားခြင်းမရှိပေ။ ဤကဲ့သို့တိတိကျကျခွဲခြားရန်မှာ နိုင်ငံတကာကျောက်မျက်ရတနာကုန်သွယ်မှု့တွင် များစွာအရေးပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်း အနီရောင်ပတ္တမြား နှင့် ပန်းရောင်နီလာမျိုးကွဲတို့၏ ဈေးနှုန်းမှာကွာခြားချက် များသောကြောင့်ဖြစ်သည်။

ပုံ(၃)      Chromium ဒြပ်စင်ပါဝင်သော Corundum ကျောက်မျက်၏ အရောင်များ (အနီရောင်ပတ္တမြားမှ ပန်းရောင်နီလာ၊ ခရမ်း‌ရောင်နီလာများ) ပုံတွင်တွေ့မြင်ရသောအရောင်များမှာ မူလကျောက်မျက် ၏အရောင်များနှင့် အနည်းငယ်ကွဲလွဲ နိုင်သည်ကို သတိပြုစေချင်ပါသည်။ (ဓါတ်ပုံ၊ M.S. Krzemnicki, SSEF)

Chromium ဒြပ်စင် ပါဝင်မှု့အချိုးအစားပမာဏပေါ်မူတည်၍ အနီရောင်ပတ္တမြားနှင့် ပန်းရောင်နီလာ တို့ကိုခွဲခြားရန်မှာ လက်တွေ့တွင် မှန်ကန်မှု့မရှိနိုင်ပေ။ ကျောက်မျက်တို့၏ ဓါတုစမ်းသပ်ချက်များကို ၎င်းကျောက်မျက်တို့၏ မျက်နှာပြင်တွင်သာအများအားဖြင့် ပြုလုပ်စစ်ဆေးလေ့ရှိသည်။ ကျောက်မျက်တို့၏ အရောင်မှာ ၎င်းကျောက်၏ သွေးကွက် နှင့် အချိုးအစားများပေါ်မူတည်သောကြောင့် ဓါတုစမ်းသပ်ချက် ပေါ်မူတည်၍ အရောင်သတ်မှတ်ရန်မှာ မသင့်တော်မလျှော်ကန်ပေ။ ကျောက်မျက်ဓါတ်ခွဲခန်းအမျိုးမျိုးတို့၏ ဓါတုဖွဲ့စည်းမှု့လေ့လာခြင်း ဆိုင်ရာတည်ဆောက်မှု့ ကွာခြားခြင်းကြောင့် ရရှိလာသော Chromium ဒြပ်စင်ပါဝင်မှု့ချားနားချက် ကိုဆိုလိုခြင်းမဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျောက်မျက်ရတနာတို့၏ ဓါတုဖွဲ့ စည်းမှု့မှာ တစ်သမတ်တည်း/ တသားတည်း မဟုတ်ပဲ ကျောက်သား ဖွဲ့စည်းမှု့ဇုံများရှိသောကြောင့်ဖြစ်သည်။

            ထို့ထက်ပို၍ အနီရောင်ပတ္တမြားနှင့် ပန်းရောင်နီလာတို့ကို လက်တွေ့ကျကျခွဲခြားရန်မှာ ၎င်းကျောက်မျက်တို့ကို အရောင်ဇယားကွက် (သို့မဟုတ်) အထူးစုဆောင်းပြုလုပ်ထားသော စံကျောက်မျက် အစုံများနှင့် မျက်မြင်လက်တွေ့နှိုင်းယှဥ်ကြည့်ရန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဆွဇ်ကျောက်မျက်ပညာရပ် ဆိုင်ရာအသင်းအဖွဲ့ (The Swiss Gemmological Institute) သည် လွန်ခဲ့သောဆယ်စုနှစ်များစွာကပင် လူလုပ်ချက်ကျောက် (Synthetic Corundum) ဖြင့်ပြုလုပ်ထား‌သော စံအထူးကျောက်မျက်အစုံများကို အသုံးပြုလျက်ရှိသည်။ ၎င်းအထူးပြုလုပ်ထား‌သော စံကျောက်မျက်အစုံမှာ ICA မှ ၁၉၈၀ ရာစုကတည်းက ပြုလုပ်ထားသော ကျောက်မျက်အစုံဖြစ်ပြီး ၎င်းကိုပုံ(၄)တွင် ဖော်ပြထားသည်။ ၎င်း ချက်ကျောက် ကျောက်မျက်အစုံ၏ နှစ်ရောင်ပြောင်းလဲမှု့၊ ရောင်ပြန်ဟပ်ပုံစံနှင့် စစ်ဆေးလိုသောကျောက်မျက်၏အရောင်ကို အသုံးပြုတိုက်ဆိုင်နှိုင်းယှဥ်ကြည့်ခြင်းဖြင့် အနီရောင်ပတ္တမြား (သို့မဟုတ်) ပန်းရောင်နီလာကို အကဲဖြတ် နိုင်မည်ဖြစ်သည်။ အခြားနည်းလမ်းအားဖြင့် မြောင်းပုံသဏ္ဌာန်သတ္တုပါးဖြင့် ပြုလုပ်ထားသော အရောင်ပြဇယား (ဥပမာ- Colout CodexTM, Smith 2020) ကိုလည်း အသုံးပြုနိုင်ပါသည်။ ၎င်းအရောင်ပြဇယားရှိ အရောင်များသည် ကျောက်မျက်များ၏ သွေးကွက်ပုံသဏ္ဌာန်ကြောင့်ဖြစ်ပေါ် လာသော အရောင်ပြန်ဟပ်မှု့ အချို့နှင့် ဆင်တူသည်။

ပုံ(၄)      အထူးပြုလုပ်ထားသော စံကျောက်မျက်အစုံ (ချက်ကျောက် အနီရောင်ပတ္တမြားမှ ပန်းရောင်နီလာ အထိ) ICA မှ ၁၉၈၀ ဝန်းကျင်တွင်ပြုလုပ်ထားသည်။ (ဓါတ်ပုံ၊ V. Lanzafame, SSEF)

Cobalt ပါဝင်သော အပြာရောင်စပင်နယ် (Cobalt-Blue Spinel) နှင့် အပြာရောင်စပင်နယ် (Blue Spinel)

စပင်နယ်ကျောက်မျက်တွင်တွေ့ရသော အပြာရောင်သည် ဈေးကွက်အတွင်းတွင် အတော်လေးပင် လူကြိုက်များသော၊ တန်ဖိုးရှိသော ကျောက်မျက်ဖြစ်သည်။ စပင်နယ်ကျောက်တွင်တွေ့ရသော အပြာရောင်မှာ Cobalt ပါဝင်မှု့ (သို့မဟုတ်) Iron ပါဝင်မှု့ (သို့မဟုတ်) ၎င်းဒြပ်စင်နှစ်မျိုးလုံးရောစပ်ပါဝင်မှု့ကြောင့် ဖြစ်နိုင်သည်။ ၎င်း ဒြပ်စင်များပါဝင်မှု့ကြောင့် စပင်နယ်ကျောက်မျက်တွင် အပြာရောင်တောက်တောက်မှစ၍ အစိမ်းရောင်၊ ခဲရောင် နှင့် ခရမ်းရောင်သန်းသော အပြာရောင်ကိုဖြစ်ပေါ်စေသည်။ စပင်နယ်တွင်တွေ့ရများ သော အပြာရောင်ကွဲများကို ပုံ(၅)တွင်ဖော်ပြထားသည်။

အဓိကဆွဲဆောင်ချက်မှာ Cobalt ဒြပ်စင်ပါဝင်မှု့ပင်ဖြစ်ပြီး ဈေးကွက်အတွင်း၌ရောင်းဝယ်ဖောက်ကား ရာတွင် Cobalt ဒြပ်စင်ပါဝင်သော စပင်နယ်ကျောက်မျက်လား၊ သာမာန်အပြာရောင်ရှိသော စပင်နယ်လား ဆိုသည်ကပင် အဓိကမေးခွန်းဖြစ်လာစေသည်။ ထိုကဲ့သို့ အပြာရောင်စပင်နယ်တွင် Cobalt ဒြပ်စင်ပါဝင်မှု့နှင့် ၎င်းကျောက်၏ အရောင်ကွဲပြားမှု့ကို အရောင်တိုင်းတာစစ်ဆေးခြင်းအပြင် ၎င်းကျောက်၏ စုပ်ယူရောင်စဥ်ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဖြေရှင်းနိုင်သည်။ စုပ်ယူရောင်စဥ်ကိုလေ့လာခြင်းဖြင့် ၎င်းကျောက်မျက်တွင်  လက်ရှိတွေ့မြင်နေရသော အရောင်ကိုဖြစ်ပေါ်စေသည့် ပါဝင်သောဒြပ်စင်များကို တိတိကျကျသိရှိနိုင်သည်။ ဥပမာ- Cobalt ဒြပ်စင်ပါဝင်မှု့ကြောင့် ၎င်းကျောက်၏စုပ်ယူရောင်စဥ်တန်းတွင် အရောင်စုပ်ယူခြင်းကြောင့် ဖြစ်ပေါ်လာသော စုပ်ယူအစင်းကြောင်းများ နှင့် အရောင်ထုတ်လွှတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ထုတ်လွှတ်မှု့ဆိုင်ရာ အစင်းကြောင်းများ ကိုတွေ့မြင်နိုင်သည်။

ပုံ(၅)      အပြာရောင်စပင်နယ်တွင်တွေ့မြင်လေ့ရှိသော အရောင်ကွဲများ၊ မည်သည့်အရောင်က Cobalt ပါဝင်သော စပင်နယ်ဖြစ်မလဲ?

ပတ္တမြားနှင့် ပန်းရောင်နီလာတို့၏ အရောင်များခွဲခြားခြင်း ကဲ့သို့ပင် အပြာရောင်စပင်နယ်တွင်လည်း Cobalt ဒြပ်စင်ပါဝင်မှု့တန်ဖိုးဖြင့် ၎င်းကျောက်မျက်၏အရောင်ကို ခွဲခြားသတ်မှတ်ရန်မှာ မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အပြာရောင်စပင်နယ်တို့တွင်တွေ့ရသော အပြာရောင်မှာ Iron ဒြပ်စင် ကြောင့်ဖြစ်ပေါ်သော စုပ်ယူရောင်စဥ်ကြောင့်သော်လည်းကောင်း Iron နှင့်အတူ Cobalt ဒြပ်စင်ပါ ပူးတွဲပါဝင်မှု့ ကြောင့်သော်လည်းကောင်းဖြစ်နိုင်ပါသည်။ တစ်ချို့သော စပင်နယ်များတွင် Iron ဒြပ်စင် ပါဝင်သော စပင်နယ်၏အပြာရောင်မှာ Cobalt ပါဝင်သောစပင်နယ်၏ အပြာရောင်ထက်ပင် ပို၍အရောင်ပြာနေတတ် သည်။ အဓိကသော့ချက်မှာ မည်သည့်အရောင်ဖြစ်စေသောဒြပ်စင်က စုပ်ယူရောင်စဥ် တန်းတွင် ပို၍စိုးမိုးမှု့ ရှိခြင်း/မရှိခြင်း ပင်ဖြစ်သည်ဟု Shigley & Stockton 1984; Chauviré et al. 2015 နှင့် D’lppolito et al. 2015 တို့ကဖော်ပြခဲ့သည်။

စိတ်ဝင်စားဖွယ်ရာတွေ့ရှိချက်မှာ Cobalt ဒြပ်စင်နှင့် Iron ဒြပ်စင်တို့ပေါင်းစပ်ပါဝင်သော အပြာရောင် စပင်နယ်ကျောက်များ၏အရောင်မှာ အခြားသော Iron (သို့မဟုတ်) Cobalt သီးသန့်ပါဝင်မှု့ ကြောင့်ဖြစ်သော အပြာရောင်ထက် ပိုမိုသိမ်မွေ့စွဲဆောင်မှု့ရှိသောအပြာရောင်ကိုတွေ့ရပြီး ၎င်းကျောက်များ သည် မီးတောက် အလင်းရောင် (Incandescent Light) အောက်တွင် ခရမ်းရောင်သန်းသောအပြာရောင် အဖြစ်တွေ့ရပြီး၊ နေ့အလင်းရောင် (Daylight) တွင်မူ အပြာရောင်သန့်သန့်ကိုတွေ့ရသည်ဟု Senoble 2010 နှင့် Hanser 2013 တို့ကတင်ပြခဲ့သည်။

မြကျောက် (Emerald) နှင့် အစိမ်းရောင် မျက်ရွဲကျောက် (Green Beryl)

ယေဘူယျအားဖြင့် Chromium ပါဝင်သော မျက်ရွဲကျောက် (Beryl) မျိုးကွဲကို မြကျောက် (Emerald) ဟု၍ ခေါ်ဝေါ်သတ်မှတ်သည်။ သို့သော်လည်းအခြား ဒြပ်စင်များဖြစ်ကြသည့် Vanadium နှင့် Iron ဒြပ်စင်တို့ကလည်း အစိမ်းရောင်ကိုဖြစ်ပေါ်စေနိုင်ပါသည်။ ပြည့်ဝသောအစိမ်းရောင်ရှိသည့် မြကျောက်၏ နှစ်လိုဖွယ်အရောင်အဆင်းနှင့် ၎င်း၏ရှားပါးမှု့ကြောင့် ရှေးအရင်ကတည်းကပင် တန်ဖိုးမဖြတ်နိုင်အောင် အဖိုးထိုက်တန်သော ကျောက်မျက်ရတနာဖြစ်သည်။ မြကျောက်ကို အများအားဖြင့် အရွယ်အစားသေးသေး၊ အောင်းဝင်များပါသော အရိုင်းတုံးများကိုသာတွေ့ရများသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းကျောက်မျက်တို့၏ ရှုပ်ထွေးသောဘူမိဖြစ်စဥ်-အသွင်ပြောင်းဖြစ်စဥ် နှင့် နှောင်းပိုင်းအဆင့် ကျောက်များပုံပြောင်းခြင်းကြောင့် ဖြစ်သည်ဟု Giuliani et al. 2019 ကပြောခဲ့သည်။

            မကြာသေးမီနှစ်များက ကျွန်ုပ်တို့၏ကျောက်မျက်ဓါတ်ခွဲခန်းတွင် ထူးခြားစွာအရွယ်အစားကြီးမားပြီး (ကရက်ချိန် ၁၀၀နှင့်အထက်ဝန်းကျင်) သန့်စင်သော အစိမ်းရောင်ဖျော့မှအပြာရောင်သန်းသော အစိမ်းရောင်ရှိ ကျောက်များကို ကြိမ်ဖန်များစွာထပ်ခါတွေ့ခဲ့ရသည်ဟု (Lind et al. 1986 နှင့် Hänni 1992) ဆိုခဲ့သည်။ ၎င်းအစိမ်းရောင်ဖျော့မှအပြာရောင်သန်းသော အစိမ်းရောင်ရှိသော မျက်ရွဲကျောက်များမှာ ပက်ဂမာတိုက် (Pegmatites) ကျောက်များမှထွက်ရှိခြင်းဖြစ်ပြီး ၎င်းကျောက်များကို ဥပမာ- Nigeria, Madagascar စသောနိုင်ငံများမှ တူးဖော်ရရှိသည်။ ၎င်းကျောက်များ၏ ဘူမိပတ်ဝန်းကျင်အခြေအနေမှာ မြကျောက် အကောင်းဆုံးထွက်ရှိရာနေရာဒေသများဖြစ်သည့် ဥပမာ- Colombia, Afghanistan, Zambia, Russia, Pakistan အစရှိသောနေရာဒေသများမှ ထွက်ရှိသောကျောက်များနှင့် ဘူမိဗေဒပတ်ဝန်းကျင်အခြေအနေ လုံးဝကွာခြားသည်။ မြကျောက်များ၏ အရောင်ကွာခြားချက်များကို ပုံ(၆)တွင်ဖော်ပြထားသည်။

ပုံ(၆)      Chromium ပါဝင်သော မြကျောက်နှင့် အစိမ်းရောင်မျက်ရွဲကျောက်များ၏ အရောင်များ              (ဓါတ်ပုံ၊ M.S. Krzemnicki, SSEF)

၎င်း ပက်ဂမာတိုက် (Pegmatites) မှရရှိသော အစိမ်းရောင်ဖျော့မှအပြာရောင်သန်းသော အစိမ်းရောင်ရှိသည့်မျက်ရွဲကျောက်မျက်များ၏ စုပ်ယူရောင်စဥ်တွင် Iron ဒြပ်စင်၏ စုပ်ယူမျဥ်းများကို အနီအောက်ရောင်ခြည်အနီး (near Infrared)တွင် ထင်ထင်ရှားရှားတွေ့မြင်နိုင်ပြီး၊ ၎င်း Iron ဒြပ်စင်၏ စုပ်ယူမျဥ်းများသည် မြပြာကျောက်တွင်တွေ့ရသော အပြာဖျော့ရောင်၏ ရောင်စဥ်တန်းပင်ဖြစ်သည်။ ဒါ့အပြင် Chromium ဒြပ်စင်၏ စုပ်ယူမျဥ်းများကို မြင်နိုင်သောရောင်ခြည် (visible part)တွင်လည်း ခပ်ပါးပါး သာတွေ့မြင်နိုင် ပေသည်။ ထို့ကြောင်း ၎င်းကျောက်မျက်များ၏အရောင်မှာ အနည်းငယ်ပြောင်းလဲ သွားပြီး အစိမ်းရောင်ဖျော့မှအပြာရောင်သန်းသောအစိမ်းရောင်ရှိသည့် မျက်ရွဲကျောက်မျက်များဖြစ်ပေါ်လာခြင်းဖြစ် သည်ဟု (Cevallos et al. 2012) ကဖော်ပြခဲ့သည်။ ၎င်းတွေ့ရှိချက်များမှာ Chromium နှင့် Vanadium ဒြပ်စင်တို့၏ စုပ်ယူရောင်စဥ်တန်း အဓိကပါရှိပြီး၊ ရောင်စဥ်တန်းတွင် Iron ဒြပ်စင်၏စုပ်ယူရောင်စဥ်တန်း ကို အနီအောက်ရောင်ခြည်အနီးတွင် အတန်အသင့် (သို့မဟုတ်) လုံးဝမပါဝင်သော မြကျောက်အကောင်းဆုံး ထွက်ရှိရာနေရာဒေသများမှ မြကျောက်များ၏ စုပ်ယူရောင်စဥ်များနှင့် နှိုင်းယှဥ်လေ့လာမှု့များမှ တွေ့ရှိချက် ဖြစ်သည်။

၎င်း ထွက်ရှိရာဒေသမတူသော မြကျောက်နှင့်အစိမ်းရောင်မျက်ရွဲကျောက်များ၏ စုပ်ယူရောင်စဥ်တန်း ကွာခြားချက်များပေါ်မူတည်၍ ၎င်းကျောက်များ၏ ဓါတုဖွဲ့စည်းမှု့ (Chromium နှင့် Iron ဒြပ်စင် ပါဝင်မှု့အချိုးအစား) များနှိုင်းယှဥ်ထားသောပုံကို ပုံ (၇)တွင်ဖော်ပြထားသည်။ ၎င်းပုံတွင် အုပ်စုနှစ်ခု ဖြစ်ကြသည့် Chromium ဒြပ်စင် အဓိကပေါများစွာတွေ့ရသော မြကျောက်အကောင်းဆုံး ထွက်ရှိရာနေရာ ဒေသများ ပါဝင်သည့်အုပ်စုနှင့် Iron ‌ပေါများစွာပါဝင်သောအစိမ်းရောင်မျက်ရွဲကျောက်အုပ်စုတို့ကို ရှင်းလင်း သိသာကွဲပြားစွာ တွေ့မြင်ရပေမည်။ အချုပ်ဆိုသော အစိမ်းရောင်ဖျော့မှအပြာရောင်သန်းသောအစိမ်းရောင်ရှိ သည့်မျက်ရွဲကျောက်မျက်များသည် Chromium ဒြပ်စင်ပါဝင်မှု့နည်းပါးပြီး၊ Iron ဒြပ်စင်ပါဝင်မှု့ အတော်အသင့်မှ အလွန်များပြားစွာပါဝင်သည်။ ယေဘူယျအားဖြင့် Iron ဒြပ်စင်မှာ Chromium ဒြပ်စင်ထက် ၁၀ ဆမှ အဆ၁၀၀ အထိပိုမိုပါဝင်ကြောင်း တွေ့ရသည်။

ပုံ(၇)      မြကျောက် (Emerald) နှင့် အစိမ်းရောင် မျက်ရွဲကျောက် (Green Beryl) တို့၏ဓါတုဖွဲ့စည်းမှု့ ကွာခြားချက်များကို ခွဲခြားဖော်ပြထားသောပုံ (ရုပ်ပုံ၊ M.S. Krzemnicki, SSEF)

သုံးသပ်ချက်

ဤဆောင်းပါးတွင် ကျောက်မျက်များ၏အရောင်များကို မည်ကဲ့သို့ခွဲခြားသတ်မှတ်သင့်သည်ကို တိကျသော ဥပမာများကိုအသုံးပြု၍ ရှု့ထောင့်အမျိုးမျိုးမှ တင်ပြထားသည်ကိုတွေ့မြင်နိုင်ပါသည်။ ကျောက်မျက်ဓါတ်ခွဲခန်းများအနေဖြင့် ကျောက်မျက်ရတနာများ၏ မျိုးကွဲများ၊ ၎င်းတို့၏မျိုးကွဲများနှင့် သက်ဆိုင်သောအရောင်သတ်မှတ်ခေါ်ဝေါ်မှု့များကို လိုက်ဖက်ညီစွာ‌ခေါ်ဝေါ်သုံးစွဲနိုင်စေရန် အမြဲမပြတ်သတိ ပြုသင့်ပြီး၊ သိပ္ပံနည်းပညာဆိုင်ရာ စိန်ခေါ်မှု့များနှင့် ကန့်သတ်ချက်များကိုလည်း နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။ CIBJO, GILC/ICA နှင့် LMHC တို့၏ယခင်ဆွေးနွေးပွဲများ၌လည်း ကျောက်မျက်များ၏ အရောင်နယ်နိမိတ်များကိုခွဲခြားသတ်မှတ်ရာတွင် ခက်ခဲရှုပ်ထွေးမှု့များကိုလက်ခံခဲ့ကြသည်။ ဒါ့အပြင် ဓါတ်ခွဲ ခန်းများ၌ ကျောက်မျက်များ၏အရောင်နှင့် အမျိုးအစားကိုသတ်မှတ်ရာတွင် ကျွမ်းကျင်ပညာရှင်များမှ ဂရုတစိုက်မျက်မြင်စူးစမ်းလေ့လာခြင်းနှင့် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းမှာ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု လက်ခံခဲ့သည်။  ကျွန်ုပ်တို့၏ ကျောက်မျက်ဓါတ်ခွဲခန်း (SSEF) အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် အမျိူးမျိူးသော လုပ်ငန်းဆွေးနွေးပွဲများဖြစ်ကြသည့် (ဥပမာ- CIBJO, LMHC) စသည့်ဆွေးနွေးပွဲများတွင် ‌ ကျောက်မျက်ဓါတ်ခွဲခန်းများနှင့် ဈေးကွက်အတွင်း၌ လိုက်ဖက်ညီသင့်တော်သော စံနမူနာများသတ်မှတ် ရရှိနိုင်ရေး၊ အရေးပါသော သုတေသနစာတမ်းများကို ထုတ်ဝေခြင်း၊ သုတေသနများမှ ရရှိလာသော အချက်အလက်များကို မျှဝေခြင်းဖြင့် ရှေ့ဆုံးမှနေ၍ ပါဝင်ခဲ့ပါသည်။ မကြာသေးမီကကျင်းပခဲ့သော CIBJO ညီလာခံတွင် ကျောက်မျက်ဗေဒဆိုင်ရာအဖွဲ့အစည်းနှင့် ကျောက်မျက်အဖွဲ့အစည်းတို့မှလည်း အထက်ဖော်ပြပါ အကြောင်းအရာတို့မှာ အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်သည်ဟု (CIBJO 2019a နှင့် b တွင်) ထုတ်ပြန်ခဲ့သည်။ ထို့ထက်ပို၍ လိုက်ဖက်ညီသောဆုံးဖြတ်မှု့များဖြစ်ပေါ်စေရန်အတွက် ဘက်စုံထောင့်စုံမှ ရည်ညွှန်းထောက်ပြမှု့များကိုလည်း ကျွန်ုပ်တို့မှလှိုက်လှဲစွာလက်ခံကြိုဆိုပါသည်။ ဤဆောင်းပါးတွင် ဖော်ပြချက်များဖြစ်သော လိုက်ဖက်ညီစွာအမျိုးအစားသတ်မှတ်ခြင်း နှင့်လိုက်ဖက်ညီစွာစမ်းသပ်လေ့လာခြင်း တို့မှ  ဈေးကွက်အတွင်း၌ ကျောက်မျက်များ၏ အမည်ခေါ်ဝေါ်သတ်မှတ်ချက်များကို လုပ်ငန်းရှင်ကုန်သည်များ နှင့် ဝယ်ယူသူများအကြား ပိုမို၍ပွင့်လင်းရှင်းလင်းမြင်သာစေနိုင်မည်ဟု ယုံကြည်ပါသည်။